ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည (၁၂) နာရီ အချိန်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ် ခမရ−၅၆ဝ ဦးဆောင်သည့် တပ်ပေါင်းစု ဝင်ရောက်ကျူးကျော်တပ်စွဲထားသော (၁) နရွဲပင် ဂိတ်စခန်း၊ (၂) တော်ဝိကျေးရွာနှင့် ထိန်တပင်ကြား ရှိ ဂိတ်စခန်း နှင့် (၃) ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းများအား K.N.L.A တပ်ရင်း (၉) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံးပြီး (၆ဝ) မမ ကွန်မန်ဒိုစိန်ပြောင်း တခုအပါအဝင် လက်နက်ငယ် (၅) လက်နှင့် ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ကထုတ်ပြန်သည်။
ဓါတ်ပုံ − စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်းများ။
Comments
Post a Comment