တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ (၂၇) ရက်၊ ည (၇) နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၇) ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YePhyu People Defence Force - YPPDF မှထုတ်ပြန်သည်။
ကမြောကင်းတံတား စစ်ဆေးရေးဂိတ်သည် ခရီးသွားများအား မတရား စစ်ကြေးကောက်ခံကာ အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးနေသော ဂိတ်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု (၃ဝ) မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအား ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNA) ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိ/အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YPPDF မှထုတ်ပြန်သည်။
Comments
Post a Comment