စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(န.မ.ခ) တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းအပတ်စဉ်(၅)မှ စစ်ကောင်စီတပ်သား ၄ ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြိုနယ် ရွေ့လျားစစ်ကြောင်း)မှထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား ၄ ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် မုံရွာ န.မ.ခ မှ ထွက်ပြေးလာခြင်းဖြစ်ပြီး မဟာမိတ်စစ်ကြောင်း တပ်ဖွဲဝင်များနှင့်တွေ့ဆုံကာ အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။
"ရှမ်းပြည်ဘက် အလုပ်လုပ်ဖို သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်" ဟု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတဦးကပြောသည်။
![]() |
Photo - Budalin Mobile Team-BMT |
တပ်သားများသည် ကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင် နှင့် အေးမင်းထွန်း တို့ဖြစ်ကြပြီး ၊ ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းခြင်း ခံရသူများ ဖြစ်သည်။
"အဖွဲအစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်" ဟု Budalin Mobile Team-BMT မှထုတ်ပြန်သည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား မဟာမိတ်တပ်ပေါင်းစုမှ တဦးလျှင် ငွေသား ကျပ်သိန်း ၃ဝ ဆုချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာနေထိုင်ခွင့်ပေးပြီး မိသားစု၊ဆွေးမျိုးများနှင့် တွေ့ဆုံဖို့ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း Budalin Mobile Team-BMT မှထုတ်ပြန်သည်။
Comments
Post a Comment