မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့် စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း PPNMမှထုတ်ပြန်သည်...
ရခိုင်ပြည်နယ် ဂွမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး သံချပ်ကာအချို့၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်သော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ယမန်နေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ကြောင်း AA မှထုတ်ပြန်သည်။
ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သိုစစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့အား မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြောင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသော စစ်သုံပန်းများအား စစ်ဆေးချက်အရ စစ်ကောင်စီဘက်မှတပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တိုဖြင့် သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အများဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့ကြောင်း AA မှထုတ်ပြန်သည်။
စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု AAကဆိုသည်။
ဂွမြို့ တိုက်ပွဲအတွင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ စစ်ကောင်စီ တပ်မှ ၇ဝဝ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က ထုတ်ပြန်သည်။
ဂွမြို့သည် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြိုဖြစ်လာခဲ့ကြောင်း AAက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ သံတွဲမြို့ တောင်ကုတ်မြို့၊အမ်းမြို့၊မောင်တောမြို့၊ ဂွမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။
Photo - AA (ဂွမြို့သိမ်းတိုက်ပွဲမှတ်တမ်း)
Comments
Post a Comment