မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေလာလေးကျေးရွာ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ပြီး အောင်ပွဲရလာသည့် အမှတ်(၈)စစ်ကြောင်းတပ်ပေါင်းစုရဲဘော်များအား ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ဌင်းစစ်ကြောင်းကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရေလာလေး စစ်ကောင်စီစခန်းကို တပ်ပေါင်းစုရဲဘော်များက တိုက်ခိုက်ခဲ့ပြီး လက်နက်(၁၈)လက်နှင့်အတူ သုံ့ပန်း(၇)ဦးဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၈)စစ်ကြောင်းကထုတ်ပြန်သည်။ဌင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား မျက်မြင်(၆)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
တိုက်ပွဲပြန် အမှတ် ၈ စစ်ကြောင်း၏ ရဲဘော်များအား မကွေးတိုင်း ပခုက္ကူမြို့နယ်-ပေါက်ဒေသရှိ ကျေးရွာ ငါးရွာထက်မနည်းသော ကျေးလက်နေပြည်သူလူထုမှ ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမှတ်(၈)စစ်ကြောင်းတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အပါဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့က ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည်ဖော်ရေး၊ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စသည့် အခြေခံမူဝါဒများအပေါ် အခြေခံပြီး ဆက်လက်တိုက်ပွဲဝင်နေကြောင်းထုတ်ပြန်သည်။
ဓါတ်ပုံ- တိုက်ပွဲဝင် အမှတ် ၈ စစ်ကြောင်းရဲဘော်များအား ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုကြစဉ်။
Comments
Post a Comment