ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) အတွင်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း(၄)ရွာမှ လူဦးရေ စုစုပေါင်း(၂,၅၆ဝ) ဦး စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။
မူးမြို့နယ်၊အုန်းပင်စုကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၅)ရက်နေ့၌ ထွနီကုန်းကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ရေလဲဗမာကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ(၆)ရက်နေ့၌ ပရဲစီ(မရမ်းစိန်)ကျေးရွာသို့ လက်နက်ကြီး(၁)လုံး စုစုပေါင်း(၇)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် ရေလဲဗမာကျေးရွာတွင် လာရောက်ခိုလှုံသည့် ဥသျှစ်ကုန်းကျေးရွာသား တဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။
![]() |
ဓာတ်ပုံ - မူးမြို့နယ်၊လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျက်စီမှုများ။ |
ဌင်းပြင် ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာမှ နေရာယူထားသော စစ်ကောင်စီတပ်သည် ဂွေးကုန်းကျေးရွာသို့ ဒီဇင်ဘာလ(၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အတွင်း ဒရုန်းဖြင့် လက်နက်ကြီးစုစုပေါင်း(၁၃)လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။
တယောလူစခန်း ရှိ ခလရ-၅၇ မှလည်း ကဇင်းပင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းအား လက်နက်ကြီး ၈၁ မမ(၂)လုံး၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ပျဉ်ရေကြီးကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ(၄)လုံး စုစုပေါင်း(၆)လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် (၁)ချုံအင်းကျေးရွာ၊ (၂)ဂွေးကုန်းကျေးရွာ၊ (၃)ကောက်မယ့်သူကျေးရွာ၊ (၄)ရေဖြူကန်ကျေးရွာမှ ပြည်သူ စုစုပေါင်း(၂,၅၆ဝ)ဦး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။
Comments
Post a Comment