ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှထုတ်ပြန်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည့် အဆိုပါ တပ်စခန်းများမှာ စစ်ရေးဗျူဟာအရ အရေးပါသည့် တပ်စခန်းများဖြစ်ပြီး ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသည့် တပ်စခန်းများလည်းဖြစ်သည်။
စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် FFD (ဒရုန်းတပ်ဖွဲ့) တို့က ပူးပေါင်းပြီး ဒီဇင်ဘာလ (၇)ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။
အလားတူ ဖာပွန်ခရိုင်အတွင်းရှိ တောင်သုံးလုံးတပ်စခန်းကိုလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်ထပ်မံ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများမှ (120)mm ၊ (81)mm လက်နက်ကြီးများ အပါအဝင် ခဲယမ်းအမြောက်အများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
Photo - တောင်ပိုင်းစစ်ဒေသ၊ အမှတ် -၂ စစ်ဒေသခွဲ။
Comments
Post a Comment