ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ကာဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ(၁၂:၃၀)အချိန်တွင် စစ်ကောင်စီတပ်သည် သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
![]() |
Photo - TNLA |
ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
အမျိုးသား (၂)ဦးသည် ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိကာ အမျိုးသမီး(၁)ဦးသည် ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကား (၂)စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန် လိုအပ်ကြောင်း TNLA မှထုတ်ပြန်သည်။
Comments
Post a Comment