မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ပြီး တပ်ကြပ်ကြီး အပါအဝင် တပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ ယနေ့ထုတ်ပြန်သည်။
ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အင်အား ၄ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
![]() |
Photo - PRA-Magway |
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်းမြင်တွေ့ခဲ့ရပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိကြောင်း PRA-Magway မှထုတ်ပြန်သည်။
အဆိုပါ စစ်ကြောင်းသည် မစခ ၉ဝ၅ လက်အောက်ခံ တပ်များနှင့် ပေါ်တာဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့်စစ်ကြောင်းဖြစ်ကြောင်းသိရသည်။
ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် ချမှတ်ထားသောစစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ၎င်းမှတဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway)မှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်တွင်လည်း ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁)တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို PRA-Magway ၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်း တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁ဝ) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့ကြောင်း PRA-Magway မှထုတ်ပြန်သည်။
Comments
Post a Comment