ပဲခူးတိုင်း၊ညောင်းလေးပင်ခရိုင်(ခလယ်လွီထူ)၊ မူးမြို့နယ်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့၌ စစ်ကောင်စီတပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက်(၅၅)နှစ်နှင့် ဦးဝဲကြည် အသက်(၇၅)နှစ်တို့သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။
ညောင်းလေးပင်ခရိုင်တွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၈၆)လုံးနှင့် ကျောင်းတက်ချိန်တွင် ဒရုန်းဖြင့်လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စာသင်ကျောင်းကို စုစုပေါင်း(၈)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။
ထိုသို့ လက်နက်ကြီးနှင့်ဒရုန်း ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ် တောကြောင်ပေါက်ကျေးရွာမှ (၁၀)နှစ်အရွယ်ကျောင်းသူ(၂)ဦးအပါအဝင် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အပြင် အလယ်စုကျေးရွာမှ ဆေးပေးခန်း(၁)လုံး၊ မူကြိုကျောင်း(၁)လုံး၊ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦး(၁)လုံး နှင့် ဒေသခံပြည်သူ၏ နေအိမ်(၄)လုံး ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အိမ်ခြေစုစုပေါင်း(၁၁၅၂)လုံး၊ လူဦးရေစုစုပေါင်း (၆၄၅၁)ဦးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။
Photo - ကေအဲန်ယူ-ဗဟို (စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ)
Comments
Post a Comment