Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ATR ခရီးသည်တင်လေယာဉ်များ အသုံးပြုနေ

မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ကျူးလွန်လျှက်ရှိနေချိန်တွင်၊ ၎င်းတို့၏ တိုက်ခိုက်မှု စစ်ဆင်ရေးများအတွက် စစ်သည်၊ စစ်လက်နက်နှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန် အတွက် ပြင်သစ်နိုင်ငံထုတ် ခရီးသည်တင်  Avions de Transport Regional (ATR) လေယာဉ်များအပေါ် အကြီးအကျယ် မှီခိုနေရသည်။

ဓါတ်ပုံများ၊ ဘတ်ဂျက်အသုံးစရိတ်စာရွက်စာတမ်းများ၊ လေယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်မွမ်းမံခြင်းဆိုင်ရာစာချုပ်များ၊ အစည်းအဝေးမှတ်တမ်းများ၊ အများပြည်သူ သိရှိနိုင်သည့် သတင်းအချက်အလက်များနှင့် အဆိုပါလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သည့် လူပုဂ္ဂိုလ်များထံမှ အသေးစိတ်အချက်အလက်များ အပါအဝင် Justice For Myanmar မှ ရရှိထားသည့် အထောက်အထားများအရ ATR တာဘိုဂျက်လေယာဉ်များကို မြန်မာစစ်အုပ်စုက ဝယ်ယူ အသုံးပြုရာတွင် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခု ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။


ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် စစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အချို့လွှဲပြောင်းမှုများတွင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူကို ဖုံးကွယ်ထားမှုများလည်း ရှိသည်။

 မြန်မာ၊ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် စင်ကာပူနိုင်ငံများမှကုမ္ပဏီများသည် လေယာဉ်အပို ပစ္စည်များ ရောင်းချပေးခြင်း၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းများဖြင့် စစ်အုပ်စုကို ကူညီခဲ့သည်။ 

မြန်မာလေကြောင်းလိုင်းတစ်ခုသည် စစ်အုပ်စုထံမှ အနည်းဆုံး ATR လေယာဉ်နှစ်စီးကို ငှားရမ်းအသုံးပြုထားပြီး၊ စစ်အုပ်စုထံ ဝင်ငွေများ ပေးအပ်လျက်ရှိသည်။

ATR သည် ပြင်သစ်ကုမ္ပဏီ Airbus နှင့် အီတလီကုမ္ပဏီ Leonardo တို့အကြား ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက်သည့် ပြင်သစ်-အီတလီ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ 

ပြင်သစ်နိုင်ငံတောင်ပိုင်း၊ တူလူးစ်မြို့ ဆင်ခြေဖုံးရှိ ဘလန်းညက်ရပ်ကွက်တွင် ရုံးချုပ်တည်ရှိသည့် ATR သည် ဒေသတွင်း လေကြောင်းလုပ်ငန်းအတွက် အဓိကလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး၊ ထိုင်ခုံ ၇၈ ခုံအထိ ပါဝင်သည့် တာဘိုအင်ဂျင်သုံး လေယာဉ်များကို ထုတ်လုပ်ရောင်းချသည်။

 ATR ကုမ္ပဏီကိုယ်တိုင် ကြော်ငြာထားသည့်အတိုင်း ၎င်းတို့ထုတ်လုပ်သည့် တာဘိုအင်ဂျင်သုံး လေယာဉ်များသည် လေယာဉ်ပြေးလမ်း ကျဉ်းမြောင်းခြင်း သို့မဟုတ် လေယာဉ်ပြေးလမ်း တည်ဆောက်ထားမှုမရှိခြင်း ကဲ့သို့သော အခြေခံအဆောက်အဦ ချို့တဲ့သည့် လေယာဉ်ကွင်းများ အပါအဝင် ဆင်းသက်ရန် စိန်ခေါ်မှုများရှိသည့် လေယာဉ်ကွင်းများသို့ ပျံသန်းရာတွင်လည်း အထူးအသုံးဝင်သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဝေလံခေါင်ဖျားဒေသများအတွက် အထူးသင့်လျော်သည့် လေယာဉ်များဖြစ်သည်။

 ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထိ စာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းသုံးလေယာဉ် ၄၅ စင်းတွင် ၂၈ စင်းသည် ATR 42 နှင့် ATR 72 လေယာဉ်များ ဖြစ်ကြသည်။

မြန်မာစစ်အုပ်စုက ကြီးလေးသည့် နိုင်ငံတကာလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှု ဥပဒေများကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိ အကြိမ်ကြိမ် ကျူးလွန်လျက်ရှိနေသည့် သမိုင်းတလျောက် မြန်မာ့လေတပ်က လက်ဝယ်ပိုင်ဆိုင်ထားသည့် ATR လေယာဉ်များကို မြန်မာစစ်အုပ်စုက အသုံးပြုနေခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားပြည်သူများနှင့် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းကဲ့သို့သော ပြည်သူပိုင်အဆောက်အဦများ အပေါ် ပစ်မှတ်ထားသည့် မဆင်မခြင်တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် လေယာဉ်များကို အသုံးပြုခဲ့ပြီး၊ ပြည်သူအများအပြားကို သေကြေပျက်စီးစေသည့်အပြင် လူပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုကို ဖြစ်စေခဲ့သည်။

အများပြည်သူ သိရှိနိုင်သည့် သတင်းအချက်အလက်များနှင့် Justice For Myanmar ၏ သတင်းရင်းမြစ်များက ATR လေယာဉ်များကို မြန်မာစစ်အုပ်စုက မကြာခဏ အသုံးပြုနေကြောင်း အတည်ပြုနေသည်။

➡️ ADS-B Exchange မှတဆင့် ရရှိသည့် ပျံသန်းမှုအချက်အလက်များက စစ်အုပ်စုအနေဖြင့် ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေကြောင်း အတည်ပြုနေသည်။ 

ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် MSN 927 ကို ပျံသန်းအသုံးပြုထားသည်ကို တွေ့ခဲ့ရပြီး၊ ယင်းပျံသန်းမှုသည် မြန်မာစစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ထားရာဒေသဖြစ်သည့် မြန်မာနိုင်ငံ အနောက်မြောက်ဒေသသို့ ပျံသန်းခဲ့ခြင်းလည်း ဖြစ်သည်။

➡️ ၂၀၂၄ ခုနှစ်အတွင်း စစ်သားတစ်ယောက်က TikTok ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ချင်းပြည်နယ်သို့ ATR စစ်တပ်လေယာဉ်ဖြင့် စစ်သည်များပို့ဆောင်ခဲ့မှုကို တွေ့ရသည်။

➡️ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာစစ်အုပ်စုသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားသည့် ၎င်းတို့၏ စစ်သည် ၉၂ ဦးအား ATR လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။

➡️ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မြန်မာလေတပ်သည် မြဝတီမြို့နယ်တောင်ပိုင်း၊ သေဘောဘိုးဒေသတွင် မြေပြင်-ဝေဟင်ပေါင်းစပ်စစ်ဆင်ရေး ဆောင်ရွက်ခဲ့မှုအတွင်း လေကြောင်းထောက်လှမ်းမှု လုပ်ဆောင်ရန်အတွက် ATR-42 လေယာဉ်တစ်စင်းကို အသုံးပြုခဲ့သည်။

➡️ စစ်အုပ်စုသည် ATR လေယာဉ်နှစ်စင်းကို ခေတ်မီစောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်များ ဖြည့်တင်းအဆင့်မြှင့်တင်ကာ ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်များအဖြစ် ပြုပြင်မွန်းမံ ခဲ့သည်။

➡️ မြန်မာ့လေတပ်သည် စစ်အုပ်စုလေတပ်စခန်းဌာနချုပ်များသို့သာမက ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထိန်းချုပ်မှု အောက်ရှိ အရပ်ဘက်လေယာဉ်ကွင်းများသို့ပါ စစ်သည်များနှင့် စစ်လက်နက်များ သယ်ယူပို့ဆောင်ရာတွင် ATR လေယာဉ်များကို အသုံးပြုခဲ့ကြောင်း ယုံကြည်ရသော သတင်းရင်းမြစ်များ၏ မျက်မြင်ထွက်ဆိုချက်များက အတည်ပြုသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်သို့ တရားမဝင် ရောက်ရှိခဲ့သည်။

➡️ စစ်အုပ်စုသည် ခရီးစဉ်ပြောင်းလဲအသုံးချနေသည့် ATR လေယာဉ်များအား စစ်တွေ၊ မြစ်ကြီးနား၊ လားရှိုး၊ ဗန်းမော်၊ လွိုင်ကော်နှင့် ကျိုင်းတုံ လေယာဉ်ကွင်းများ အပါအဝင် အရပ်ဘက် လေယာဉ်ကွင်းများသို့ အသုံးပြုပျံသန်းစေခဲ့သည်။

 မြန်မာ့လေတပ် စစ်ဆင်ရေးများတွင် တိုက်ရိုက်အတွေ့အကြုံရှိသူများက တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားနေပြီး စစ်ဆင်ရေး လုပ်ဆောင်နေသည့်နေရာများ၊ အရပ်ဘက် လေကြောင်းပျံသန်းမှုများကို ရပ်ဆိုင်းထားသည့် နေရာများတွင် ATR အရပ်ဘက်ခရီးသည်လေယာဉ်များကို တွေ့ရှိရလေ့ရှိကြောင်း ပြောကြားခဲ့သည်။

➡️ မြန်မာစစ်အုပ်စုသည် စစ်သည်နှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရန်အတွက် ATR လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲနေသည့် ခရီးသည်တင် လေယာဉ်ခရီးစဉ်များအပါအဝင် ကရင်နီမြို့တော်၊ လွိုင်ကော်မြို့ရှိ လေဆိပ်ကိုပါ အသုံးပြုခဲ့ကြောင်း မြန်မာဒေသတွင်း မီဒီယာတစ်ခုက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အစောဆုံးသတင်းရေးသား ဖော်ပြခဲ့သည်။

‍မြန်မာနိုင်ငံတွင် စစ်ရေးအတွက်ရည်ရွယ်သော အသုံးပြုမှုများတွင် ATR လေယာဉ်များအား အသုံးပြုနေမှုသည် စစ်အုပ်စုက နောက်ဆုံးလက်ဝယ်အသုံးပြုမည့် စက်ပစ္စည်းကိရိယာများကို အီးယူမှ တင်ပို့မှုများအား တားမြစ်ပိတ်ပင်ထားသည့် ဥရောပသမဂ္ဂ၏ ပြဌာန်းချက်များရှိသည့်ကြားက ATR လေယာဉ်၊ လေယာဉ်အပိုပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် ဆက်စပ်ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ပေးအပ်ရောင်းချနေသည့်ကုမ္ပဏီများ၏ တင်ကြိုစီစစ်မှုလုံးဝကင်းမဲ့နေပုံကို မြင်သာစေပြီး စိုးရိမ်မှုများအား ဖြစ်ပေါ်စေသည်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် ၎င်း၏ ATR လေယာဉ်များအတွက် အရေးပါသော စက်ပစ္စည်းများနှင့် အပိုပစ္စည်းအများအပြားကို လိုအပ်ခဲ့သည်။

 အာဏာသိမ်းကြိုးပမ်းမှုအပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြန်မာစစ်အုပ်စု၏ အသုံးစရိတ်စာရွက်စာတမ်းများတွင် လေတပ်၏ ATR လေယာဉ်အုပ်အတွက် အမေရိကန်ဒေါ်လာ ၁၉ မီလီယံနီးပါးတန်ဖိုးရှိ စက်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူရန် လျာထားထားသည်ကို တွေ့ရသည်။

 အဆိုပါလျာထားမှု၏ အမေရိကန်ဒေါ်လာ ၁၁.၉၆ မီလီယံသည် ATR-42 လေယာဉ်များအတွက်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၆.၉၇ မီလီယံသည် ATR-72 လေယာဉ်များအတွက် ဖြစ်သည်။ 

စက်ပစ္စည်းအစိတ်အပိုင်းများတွင် ဘက်စုံသုံးကွန်ပျူတာများ၊ အင်ဂျင်အီလက်ထရောနစ် ထိန်းချုပ်ရေးယူနစ်များ၊ ဆင်းသက်ဂီယာများနှင့် ရေဒါယူနစ်များ ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ပြည်ထောင်စုက “ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ပစ္စည်းအစိတ် အပိုင်းများနှင့် လေယာဉ်ဆီများအပါအဝင် မြန်မာအရပ်ဘက်လေကြောင်းကဏ္ဍသည် စစ်အုပ်စု၏ လေကြောင်း စစ်ဆင်ရေးများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေကြောင်း” သတိပေးထားသည့် “စီးပွားရေးဆိုင်ရာ ထပ်တိုးအကြံပြုချက်” ကိုထုတ်ပြန်ခဲ့သည်။ 

အဆိုပါအကြံပြုချက်တွင် စစ်အုပ်စုသည် စစ်သည်နှင့် စစ်ဘက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် တိုင်းပြည်၏ အရပ်ဘက်လေကြောင်းလိုင်းမှ ATR လေယာဉ်အစင်း ၂၀ နှင့်အတူ အကြမ်းဖျင်းအားဖြင့် ATR လေယာဉ် ၁၀ စင်း ကို အသုံးပြုနေကြောင်း ဖော်ပြထားသည်။ 

အဆိုပါထုတ်ပြန်ချက်အတွင်း ATR လေယာဉ်အပိုပစ္စည်းများသည် စစ်အုပ်စုအသုံးပြုရန်အတွက် လမ်းကြောင်းပြောင်း ရောက်ရှိသွားနိုင်သည့် အလားအလာကြောင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဖြစ်စေ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ တဆင့်ခံကုမ္ပဏီများမှဖြစ်စေ ATR လေယာဉ်အပိုပစ္စည်းများ ရောင်းချခြင်းသည် အန္တရာယ်ရှိကြောင်းကို အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များနှင့် လူပုဂ္ဂိုလ်များအား သတိပေးထားသည်။ 

ယင်းအကြံပြုချက်သည် ကြိုဆိုရမည့် ခြေလှမ်းဖြစ်သော်လည်း ATR လေယာဉ်များအား မြန်မာစစ်အုပ်စုက ဆက်လက်အသုံးပြုနေမှုကို တားဆီးရန်အတွက် ယခုထက်ပိုသည့် အရေးယူဆောင်ရွက်ချက်များ အရေးတကြီး လိုအပ်နေသည်။

မြန်မာ့လေတပ်အနေဖြင့် အပိုပစ္စည်းများနှင့် အစားထိုးပစ္စည်းများ လက်လှမ်းမှီဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းများနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားမှုများ ရရှိနေမှု၊ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်မှုအတွက် လိုအပ်သော လမ်းညွှန်ချက်များ ရရှိနေမှုများကို ပိတ်ပင်တားဆီးရန် အစိုးရများနှင့် ပစ္စည်းတင်သွင်းရောင်းချသူများအား Justice For Myanmar က တောင်းဆိုသည်။

+++++++++++++++++++++++

Justice For Myanmar ၏ စက်တင်ဘာလ ၂ ရက်နေ့ထုတ်ပြန်သည့် စစ်သည်၊ စစ်လက်နက် သယ်ယူပို့ဆောင်ရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက် ATR ခရီးသည်တင်လေယာဉ်များအား မြန်မာစစ်အုပ်စု အသုံးပြုနိုင်ရေးကူညီပေးနေသည့် ကုမ္ပဏီများ - အပိုင်း (၁)ကိုဖော်ပြခြင်းဖြစ်သည်။  

Bagan News

Comments

Popular posts from this blog

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...