Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

နိုင်ငံတကာ ကုမ္ပဏီများ စစ်လက်နက်ပွဲစားများက စစ်ကောင်စီ စစ်ရာဇဝတ်မှုများ ကျုးလွန်စေရန် ATR လေယာဉ်များ ပံ့ပိုးကူညီကြောင်းတွေ့ရှိ

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့က ATR လေယာဉ်များကို စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့ပြီး Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့


စစ်ရာဇဝတ်မှုများနှင့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူ ခံရခြင်းမရှိဘဲ ကျူးလွန်နေသော မြန်မာစစ်အုပ်စုကို ATR လေယာဉ်များအား အသုံးပြုနိုင်ရေး အတွက် ကမ္ဘာတဝန်းရှိ  ပံ့ပိုးကူညီနေသည့် ကုမ္ပဏီများအား သုတေသနလေ့လာမှုအသစ်တွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ဆယ်စီးအား မြန်မာစစ်အုပ်စု ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခုကို Justice For Myanmar က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ATR လေယာဉ်များအား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆိုပါလေယာဉ်များကို အသုံးပြုနေကြောင်းသိရသည်။ 

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူအား ဖုံးကွယ်ပေးထားမှုများ ရှိနေကြောင်း Justice For Myanmar ၏ သုတေသနလေ့လာမှုအတွင်းတွင် ဖော်ထုတ်ထားသည်။

မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးခြင်း၊ အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ ATR လေယာဉ်များ မောင်းနှင်နိုင်ရန် မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲများအား သင်တန်းပေးခြင်းတို့ဖြင့် စစ်အုပ်စုက ATR လေယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်အောင် ကူညီပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအပေါ် အီးယူ၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်အသက်ဝင်ပြီး၊ ပိုမိုအားကောင်း လာသည့် အချိန်ပိုင်းဖြစ်သော ၂၀၁၈ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စင်ကာပူနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း အရေးပါသည့် စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့ကြောင်းသိရသည်။

ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) သည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူ လွှဲပြောင်းရာတွင်လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏အမည်ကို အသုံးပြုဝယ်ယူစေခဲ့ရာတွင် လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်းသိရသည်။

Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဆက်နွယ်ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group သည် စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အခြား ATR လေယာဉ်များကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး၊ ထူးကုမ္ပဏီအုပ်စုသည် လေတပ်၏ အနည်းဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်" ဟုပြောကြားသည်။

"နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ရာမှာ ပြင်သစ်လေယာဉ်တွေကို မြန်မာစစ်အုပ်စု အသုံးပြုနေခြင်းက အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ၎င်းတို့ရဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို တိုးမြှင့် ချမှတ်ဖို့နဲ့ ပိုမိုအသက်ဝင်စေဖို့ လိုအပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။

စင်ကာပူနိုင်ငံအနေနဲ့လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို မြန်မာစစ်အုပ်စု ရရှိအသုံးပြုနေမှုတွေကို ဖြတ်တောက်ဖို့၊ မြန်မာစစ်တပ်လက်နက်ပွဲစားကုမ္ပဏီတွေကို ၎င်းတို့နယ်မြေပိုင်နက်အတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့တွေအတွက် အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟုဌင်းကဆက်လက် ပြောကြားသည်။

မြန်မာ့လေတပ်နှင့် ယင်း၏ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ရရှိနေမှု၊ လေတပ်၏ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီး ပိတ်ပင်ရန် အစိုးရများကို Justice For Myanmar က တောင်းဆိုသည်။

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဉ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ယခင်နှင့် ယခုကာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်မှုများအတွက် လက်ရှိချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်းသင့်ကြောင်း၊ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီ ထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

-Bagan News

Comments

Popular posts from this blog

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...